ကလေးတွေမှာဖြစ်တဲ့ ဆီးလမ်းကြောင်းပိုးဝင်ခြင်း
အများအားဖြင့်တော့ ဆီးလမ်းကြောင်းပိုးဝင်တာဟာ လူကြီးတွေမှာ အဖြစ်များပါတယ်။ လူအများကလည်း ဒီအတိုင်းပဲ သိထားတတ်ကြပါတယ်။
ဒါပေမယ့် ဆီးလမ်းကြောင်းပိုးဝင်ခြင်း ဟာ အသက်အရွယ်မရွေးမှာဖြစ်ပွားနိုင်တဲ့ ကျန်းမာရေးပြဿနာတစ်မျိုးဖြစ်ကာ ကလေးလေးတွေမှာလည်း ဖြစ်နိုင်ပါတယ်။
ကလေးတွေ ဆီးလမ်းကြောင်းပိုးဝင်ရင် ?
လူတွေမှာ ဆီးလမ်းကြောင်းဆိုတာ ပုံမှန်ဆိုရင် အလွန့်ကို သန့်ရှင်းတဲ့ ပိုးမွှားကင်းစင်တဲ့ လမ်းကြောင်းပါ။ ဒါပေမယ့် ပြင်ပအကြောင်းအမျိုးမျိုးကြောင့် ဘတ်တီးရီးယားပိုးဝင်ခဲ့ပြီဆိုရင် ဆီးအိမ်နဲ့ ဆီးပြွန်လမ်းကြောင်းတလျှောက် ရောင်ရမ်းပြီး ဆီးရောဂါလက္ခဏာများ ခံစားရပါတယ်။ ကလေးတွေလည်း ဆီးလမ်းကြောင်းပိုးဝင်နိုင်သလို အဖြစ်လည်းများပါတယ်။
လူကြီးတွေလိုတော့ ကလေးများဟာ ဆီးပူဆီးကျင်တယ်တွေ ပြောပြတတ်မှာ မဟုတ်ပါဘူး။ ဒါဆိုရင် ကလေးတွေ ဆီးလမ်းကြောင်းပိုးဝင်ပြီဆိုရင် ဘယ်လိုသိနိုင်မလဲ?
ကလေးက
- ဆီးသွားရင် ငိုမယ်၊ ပူတယ်နာတယ် ပြောမယ်
- ဆီးအရောင် ပြောင်းလာမယ်၊ အရောင်နောက်လာမယ်
- ဆီးမှာ သွေးရောင်ပါလာမယ်
- ဆီးအနံ့ ခါတိုင်းထက်ပိုပြင်းလာမယ်
- ရှူးရှူးပေါက်ရတာ တစ်စက်တစ်စက်စီကျတယ်
- ဆီး မထိန်းနိုင်ဘဲ မကြာခဏ နည်းနည်းစီ ဆီးထွက်ကျနေမယ်
- အိပ်ရာထဲ သွားနေကျမဟုတ်ဘဲ ဆီးထွက်ကျမယ်
- ဖျားမယ်၊ ချမ်းတုန်မယ်
- ဗိုက်နာတယ်၊ ခါးနာတယ်
- အန်တယ်
- ကလေးငယ်လေးတွေဆိုရင် အီနေပြီး အစာကောင်းကောင်းကျွေးမရဖြစ်မယ်
ဒါတွေဖြစ်နေပြီဆိုရင် ဆီးလမ်းကြောင်း ပိုးဝင်နေတာ ဖြစ်ဖို့များပါတယ်။
ဆီးလမ်းကြောင်းပိုးမဝင်အောင် ကာကွယ်လို့ရမလား?
ရပါတယ်။ ကလေးကို ဒါလေးတွေသင်ပေးထားလို့ရပါတယ်နော်။
- ရေနှင့် အခြားအရည် များများသောက်ခိုင်းပါ။
- ဆီးကိုအောင့်ထားတတ်တဲ့ အကျင့်မလုပ်ဘဲ ဆီးသွားစိတ်ပေါ်လာတာနဲ့ အိမ်သာဝင်ခိုင်းပါ။
- ဝမ်းသွားပြီးလို့ သန့်ရှင်းရေးလုပ်တဲ့အခါ အရှေ့ဘက်ကနေ အနောက်ဘက်ကို သွားတဲ့ပုံံစံ သုတ်ခိုင်းပါ။
(စအိုဘက်မှ အရှေ့မိန်းမကိုယ်ဘက်ကို မသုတ်ရပါ။)
- အရမ်းကြပ်တဲ့ အတွင်းခံများ မဝတ်ပေးပါနဲ့။
- အတွင်းခံများကို သန့်ရှင်းစွာ လျှော်ဖွတ်ဝတ်ဆင်ပေးပါ။
- သေးခံ (Diaper) ဝတ်တဲ့ ကလေးငယ်များ ၆ နာရီခြား တစ်ခါ အသစ် လဲပေးပါ။
- ယောကျာ်းလေးများ လိင်အဂ်ါထိပ်အရေပြား ရှည်နေ အပေါက်ကျဥ်းနေရင် ဖြတ်ပေးထားပါ။
ဆီးလမ်းကြောင်းပိုးဝင်တဲ့ လက္ခဏာတွေ ခံစားရပြီဆိုရင်လည်း ပေါ့ဆဘဲ သက်ဆိုင်ရာ အထူးကုဆရာဝန်များနဲ့ ချက်ချင်း တိုင်ပင်ဆွေးနွေးပြီး လိုအပ်တဲ့ကုသမှု ခံယူသင့်ပါတယ်။
ဒေါက်တာ ယုမွန်